လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း

ဒီခေါင်းစဉ်ကြီးကို ရေးဖို့က ကျွန်တော့်အတွက် နည်းနည်းအားကြီးပေမယ့်

ကျွန်တော့်ဘဝထဲက ဖြစ်တည်လာတဲ့အတိုင်း ရေးပါမယ်။


ကျွန်တော့်ဘဝ ဘယ်တုန်းကတည်းက စခဲ့လဲ မသိပေမယ့် ကျွန်တော်ဆိုတာ

၈၈ ခုနှစ်ရဲ့ ဆယ်စုနှစ်အလွန်

ငြိမ်းချမ်းသယောင် ထင်ရပြီး

အစစ်အမှန်မရှိသေးတဲ့ 

ရွှေဘို_မန္တလေး မင်းနေပြည်တော်ကြား

ရှေးဟောင်းအမွေအနှစ် စာရင်းဝင်၊ မြန်မာစာ

သင်ရိုးပြဌာန်းစာအုပ်မှာ သင်ကြားခွင့်ရတဲ့‌ နယ်၊

အင်္ဂလိပ်၊ ဗြိတိသျှ တွေ ကိုယ်တိုင် နယ်မြေ အမည်ပေးခဲ့တဲ့ ဒေသလေး၊

ဧရာဝတီရဲ့မလှမ်းမကမ်း ကျန်စစ်သား၊မင်းတုန်းမင်း နယ်လှည့်ဖူးတဲ့ အရပ်မှာ 

နယ်မြို့လေးရဲ့ လေးပုံတစ်ပုံ၊ အရှေ့ခြမ်းရဲ့ သုံးပုံတစ်ပုံရဲ့အလယ်၊(ခု လက်ရှိတိုင် တော်လှန်မြေ)


သူ့မိသားစုမှာတော့ သူဟာ ရုန်းကန်သူ ဖြစ်ပေးခဲ့ရပေမယ့်

တစ်ဦးတည်းသော အမေ့ရဲ့အချစ်တွေကို ရရှိခဲ့ပြီးနောက် ယောက္ခမရဲ့အရှိန်အဝါနဲ့ သူဟာ အများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ ဦးဆောင်၊လမ်းညွှန်ပေးခဲ့သူ အဖေ့ရဲ့သမီးတစ်ယောက် ဖြစ်ခဲ့ရပါတယ်။


ကလေး ဘဝတုန်းက စိတ်ထဲမှာ အဖေ့သမီး ဖြစ်ရတာ ဂုဏ်ယူမှုဖြစ်ခဲ့ရဖူးတယ်။

ငါ့အဖေက ဒီလိုလူမျိုးလေ

ငါ့အဖေက ဒီလိုအလုပ်တွေ လုပ်ပေးတဲ့သူပေါ့။


ဆယ်ကျော်သက်အရွယ်ရောက်တော့ အဖေ့ကို မချစ်တော့ဘူးဆိုတဲ့ ခံစားမှုဖြစ်လာတယ်၊ အဖေက မိသားစုကို အချိန်မပေးဘူးပေါ့၊ မှတ်ဉာဏ်တွေထဲ မနက်မိုးလင်းရင် ပြဿနာတချို့ကို ဖြေရှင်းပေးဖို့ အဖေ့ကို လူတစ်စုက လာခေါ်သွားပြီး ညနေစောင်းမှ အဖေ အိမ်ပြန်လာတယ်ပေါ့။


တကယ် လက်ခံနိူင်လာချိန်မှာတော့ ကိုယ့်ရဲ့ ကျောင်းပြောင်း၊ကျောင်းအပ်နဲ့ ကျောင်းပိတ်ရက် အိမ်ပြန်ချိန်တိုင်း အဖေရဲ့ ဆိုင်ကယ်နောက်ကနေ လယ်ကွင်းတွေ၊ တိမ်တွေ ငေးရင်း အဖေနဲ့အတူ အချိန်ကုန်ခဲ့ရတာပါပဲ။ ဆရာ၊ဆရာမတွေနဲ့ သူ့သမီးရဲ့ပညာရေးအကြောင်း ဆွေးနွေးပြန်လာတိုင်း အဖေ့မျက်နှာ ပြုံးနေခဲ့တာ၊ ဆုပေးပွဲတွေမှာ သူ့နာမည် အခေါ်ခံရတိုင်း အဖေ့မျက်နှာ ဂုဏ်ယူနေခဲ့တာ။


ဒီလိုနဲ့ပဲ အဖေ့ဆီက သင်ယူခဲ့ရတာက

အများနဲ့သက်ဆိုင်တဲ့အလုပ်တွေ လုပ်ရသူဟာ အချိန်မအားလပ်နိူင်ကြောင်းရယ်၊ (တဖက်ကနေ)

ကိုယ်က အဲ့ဒီလိုလူ ဖြစ်ခဲ့ရင်ရော ကိုယ် ချစ်ရသူတွေကို ဘယ်လိုအချိန်ပေးရမလဲဆိုတာ နဲ့ ကိုယ်နဲ့သက်ဆိုင်သူတွေကလည်း အဲ့ဒီလိုလူတွေ ဖြစ်ခဲ့ရင် ကိုယ် ဘယ်လို ဖြည့်စွက်၊နားလည်၊ပေးရမလဲဆိုတာ သိလာခဲ့ရတယ်။ အကောင်းဆုံးကတော့ အဲ့လိုလူတွေဟာ အငြိအတွယ်နည်းလေ၊ သူတို့အနား ရှိမယ့်သူတွေအတွက် အနာအကျင်နည်းလေ ဖြစ်စေမှာပါပဲ။


လူတွေအကြောင်း ငယ်ငယ်ရွယ်ရွယ်နဲ့ တရားပေါက်သလို ဆင်ခြင်၊သင်ယူခွင့် ရခဲ့တာကလည်း အဖေ့သမီး ဖြစ်ခဲ့ရလို့ပါပဲ။ဒါတွေကြောင့်လည်း

သူငယ်ချင်းတွေကြားမှာဆို "အမောင်က အေးအေးလေး၊ အမောင့်ကြည့်ရတာကိုက အေးဆေးနေရော၊ ငြိမ်းချမ်းနေရော" ဆိုတဲ့ feedback လေးတွေ ကိုယ် ကြားဖူးရတာ ဖြစ်ပါမယ်၊ တကယ်က လူတွေကို ကြောက်သွားပြီး ပြဿနာတွေကနေ ဘယ်လိုငြိမ်းချမ်းအောင် နေရမလဲဆိုတဲ့အကြောင်းတရားတွေက အဖေ့ဆီကနေ သင်ယူခဲ့ရတာ။


မိသားစုပြဿနာများ

ပေါင်းသင်းဆက်ဆံရေး အနှောင်အဖွဲ့များ

အမွေအနှစ်ကိစ္စများ

ကျူးလွန်အပြစ်ဖြစ်မှုများ

လူသေ၊သတ် ခဲ့မှုများ.....

လူတွေရဲ့ လောဘ၊ဒေါသ၊မောဟ၊အတ္တတွေနဲ့ ကိုယ်ချင်းမစာနာမှုတွေကြောင့် လူ့ပဋိပက္ခများ ဖြစ်ရပုံ။


လူ့အခွင့်အရေး မမျှတမှုတွေကြောင့် လူ့အရေးအခင်းတွေ ဖြစ်ပေါ်နေရပုံ။


မသိတာရှိရင် မေးချင်၊စူးစမ်းချင်တဲ့ကလေးတစ်ယောက် အတွက်ကတော့ သင်ယူစရာတွေဟာ အတိုင်းထက်အလွန် ဖြစ်ခဲ့ပုံပါပဲ၊ မှတ်ဉာဏ်တွေထဲမှာ ကိုယ်ဟာ မေးခွန်းတွေ အရမ်းများတဲ့ ကလေးတစ်ယောက်ပေါ့။


2007 ခုနှစ်

အဲ့ဒီနေ့က အဖေနဲ့ဘယ်လို အတူရှိနေခဲ့လဲ မမှတ်မိပေမယ့် ဘုန်းကြီးကျောင်းမှာ အဖေရယ်၊ ဘုန်းကြီး ဦးသူရိယရယ်၊ ကပ္ပိယ ဆိုသူရယ် အလျင်စလိုပုံစံတွေနဲ့ "ဖြုတ်၊ဖြုတ်၊အကုန် သိမ်း၊သိမ်း"ဆိုပြီး ဘုန်းကြီးကျောင်းထဲက ဗိုလ်ချုပ်ပုံတွေ၊ ခင်ညွှန့် ပုံတွေ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မိသားစုပုံတွေ ဖြုတ်သိမ်းနေကြတာ။

အဖေ ဘာလို့လဲ မေးတော့ "ဘာမှမဟုတ်ပါဘူးအေ၊ ကွဲကျကုန်မှာ စိုးလို့တဲ့"။ နောက်တော့မှ ကိုယ်တိုင်လေ့လာနိူင်တဲ့ အရွယ်ရောက်တော့ စာအုပ်တွေ၊ လူတွေဆီကနေ ပြန်သိရတာ "၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး" တဲ့၊ ဘယ်သူတွေ ဦးဆောင်လဲ ဆိုတော့ " ရဟန်း၊သံဃာတွေ" တဲ့။


2008 ခုနှစ်_သဘာဝထဲက လူ့အရေးအခင်း


ကျွန်တော်က မေလကို ချစ်တယ်၊ မေလ ရောက်ရင် အလိုလိုပျော်တယ်၊ ဒါပေမယ့် 2008 ခုနှစ်နောက်ပိုင်း ကျွန်တော့်အပျော်တွေကို ကောင်းတာတွေ လုပ်ရင်း ထိန်းသိမ်းတတ်လာတယ်။

မေလ ဟာ နာကျင်ဒဏ်ရာ များခဲ့တယ်လေ၊

အပြိုအလဲ၊အပျက်အစီးများ၊ အတုံးအရုန်း မျောပါမှုများ။ အဲ့ဒီမြင်ကွင်းတွေကို TV အစီအစဉ်မှာ မြင်ရပြီးနောက် လေတွေနဲ့ မိုးတွေ သည်းထန်လာရင် ကျွန်တော်ဟာ ဆိုက်ကို ရသလိုမျိုး တစ်ယောက်တည်း ကြောက်နေတတ်ခဲ့ရတာ အရွယ်ရောက်တဲ့အထိ ဆိုပါတော့၊ နောက်ထပ် ထပ်ဖြစ်မှာ၊ နောက်ထပ် သေကွဲ ကွဲရမှာ မဂ္ဂဇင်းစာအုပ်တွေထဲက ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဖတ်ရင်း ငိုမိရတာကလည်း အကြိမ်ကြိမ်။


အဖေက နိူင်ငံပိုင် TV အစီအစဉ်နဲ့၊ သတင်းစာစောင်၊မဂ္ဂဇင်းတွေကို အမြဲ အားပေးတတ်သူပဲ။ မြို့ကနေ အဖေ ရုံးတက်ပြန်လာတိုင်း သတင်းစာစောင်တစ်ခုခု ပါလာတတ်တယ်။ စာဖတ်သူကတော့ ကျွန်တော်ပေါ့၊ 

TV အစီအစဉ်မှာ နာဂစ် မုန်တိုင်းအကြောင်း ပါတော့ ဝမ်းနည်း၊ကြောက်မိစွာ ကြည့်ရင်း 

လူကြီးတွေ ဆိုသူရဲ့ ပေးဝေ၊ကြည့်ရှု့မှုတွေကို ကြည့်ရတယ်။

ဆန်အိတ်တွေ၊

အဝတ်အစားတွေ၊

ခြင်ထောင်၊စောင်၊ စားစရာ စသဖြင့်ပေါ့။

ထူးထူးခြားခြား "ဘုရားဆင်းတုတော်တွေ" ပါ ပေးတာ မြင်တော့ "ဒါတွေရော ပေးတာလား" ဆိုတဲ့ မေးခွန်းက မသိမသာ ဖြစ်နေခဲ့ရသေးတယ်။

ကလေးအတွေးနဲ့ ရှိခိုးပူဇော်ဖို့ဆိုတာ သိပေမယ့် အရွယ်ရောက်မှ "စောက်သုံးမကျတဲ့ လူကြီးတွေပဲ" လို့ ရေရွတ်ခဲ့ရသေးတယ်။ အဲ့ဒီတုန်းက နာဂစ်ကြောင့် ထိခိုက်ဆုံးရှုံးရသူတွေကို ကူညီကြဖို့ အိမ်ခြေ၊ကျေးရွာအလိုက် အလှူခံတော့ ကိုယ့်အကြိုက်ဆုံး ဂါဝန်လေး ထည့်ပေးလိုက်တာ သူတို့ဆီကို ရောက်ရော ရောက်ရဲ့လားလို့ တွေးမိလိုက်သေးတယ်။ တကယ် ထိခိုက်နစ်နာသူတွေရော အဆင်ပြေပါရဲ့လား တွေးပူမိလိုက်သေးတယ်။ အဲ့ဘက်ဆီက တစ်ယောက်ယောက်နဲ့ တွေ့ဆုံရရင်တော့ ကျွန်တော်ဟာ အတူတူနာကျင်ဝမ်းနည်းခဲ့ရဖူးကြောင်း ဖြေသိမ့်ပေးနိူင်ချင်တယ်။


2012-2013 ခုနှစ်_လူတွေထဲက လူ့အရေးအခင်း


အလယ်တန်း အရွယ်လောက်ကတည်းက စာအစုံဖတ်မိတဲ့ ကျွန်တော်ဟာ ဖြစ်ချင်တာ၊ ထိတွေ့ချင်တာတွေ အတော်လေး များခဲ့တယ်။ စာအစုံလို့ ပြောတာနော်၊အများသတ်မှတ်တဲ့ စာကြီးပေကြီးတွေတော့ မဟုတ်ခဲ့ပါဘူး၊ သတင်းစာစောင်၊ လစဉ်မဂ္ဂဇင်း၊ ဂမ္ဘီရ၊ ဗေဒင်၊ ဆေး၊ဘာသာရေးစာအုပ်များ၊ မင်္ဂလာမောင်မယ်စာစောင်၊ ဆရာသိန်းလွင် English Myanmar story ၊ ဘာသာပြန်များ၊, ပီမိုးနင်း၊ ဖေမြင့်နဲ့ ၃၀၀ ကျပ်တန် စာအုပ်များ၊ လမင်းမိုမို၊ ဆုမြတ်မွန်၊ ဗျူး ဝတ္ထုဆိုတာများ။ စာအုပ်ဖတ်ရတာ ကောင်းပေမယ့် အရွယ်နဲ့မတန် စာအုပ်တွေ ဖတ်မိရင်လည်း အရွယ်နဲ့မတန် ပင်ပန်းရတတ်သလို၊ အရွယ်အလိုက် လက်ခံသင်ယူနိူင်စွမ်းကလည်း ကွာဟတတ်ပါတယ်။

အလယ်တန်းတုန်းက ဟယ်လင်ကဲလား ဇာတ်ကောင်က သင်ယူနိူင်စွမ်း ရှိသူ၊အံ့ဩစရာ ကောင်မလေး ဖြစ်ခဲ့ပေမယ့် အထက်တန်း ရောက်ချိန်မှာတော့ အဲ့ဒီကောင်မလေးထက် သူ့ဆရာမ အယ်နီက ကိုယ့်အတွက် ပိုထူးခြားလာခဲ့တာမျိုး။ သူမ ဘယ်လိုတောင် စိတ်ရှည်နိူင်ခဲ့သတုန်း၊ ဟယ်လင်ကဲလား ဖြစ်ဖို့ သူ့ဆရာမက ၅၀%၊ သူ့မိဘက ၃၀%၊ သူကိုယ်တိုင်က ၂၀% အားထုတ်မှုကြောင့်သာ ဟယ်လင်ကဲလား ဖြစ်လာခဲ့တာလို့ ကိုယ် ခံယူနေရမိတာ။


ဘာလိုလိုနဲ့ အထက်တန်းဆိုတော့လည်း ဒီနိူင်ငံရဲ့ပညာရေးစနစ်အရ ကိုယ်ဟာ စာ ကြိုးစားခဲ့ပါတယ်၊ အိပ်ငိုက်တာတွေ ဖြစ်မှာ စိုးလို့တောင် ကိုယ့်ရဲ့စားသောက်ပုံစံကို ဂရုစိုက်ခဲ့သေးတာ၊ ဆာတိုင်း အများကြီး မစားဖို့။


အဲ့ဒီနေ့က ဘော်ဒါ ဆရာမကြီးက "ကလေးတွေကို ဒီနေ့ ကျောင်းမထည့်နဲ့ဟေ့၊ အိမ်မှာပဲ နေပြီး စာကျက်ပါစေတော့"တဲ့။

ထုံးစံအတိုင်း ကိုယ်ဟာ ဘာကြောင့်လဲ သိချင်မိတဲ့ ကျောင်းသူပါပဲ။ ကျွန်တော်တို့ နယ်မြို့လေးမှာ အ.ထ.က (၁) တစ်ကျောင်းတည်း ရှိသလို

"ဟိန္ဒူ_အစ္စလမ်" ဗလီ ဘုရားကျောင်းလည်း ရှိပါတယ်။ အမှတ် (၁),(၂),(၃) ရပ်ကွက်အလိုက် သီးသန့်သော်လည်းကောင်း၊ ရပ်ကွက်အလိုက်သော်လည်းကောင်း အတူယှဉ်တွဲ နေထိုင်ကြပါတယ်။ တချို့အဆောက်အဦးတွေဆို ရှေးကျတဲ့ပုံစံနဲ့ ရှိနေဆဲ။


အဲ့တုန်းက "ဘာကြောင့် အဲ့ဒီနေ့တုန်းက ကျောင်းမတက်ရလဲ"ဆိုတာ နောက်တော့မှ ကိုယ့်ပါကိုယ် လေ့လာလိုက်တဲ့အခါ လူမျိုးရေးပဋိပက္ခ၊ လူ့အရေးအခင်း ဖြစ်လို့ဆိုတာ သိလိုက်ရတယ်။ ဘာတွေ ဖြစ်တာလဲ ဆိုတော့ လူတွေ အချင်းချင်း၊ရန်ဖြစ်_ သ_တ်၊ ဖြ_တ် ကြတာတဲ့။


ကြားကြားချင်းတော့ ကြောက်နေမိတာ။ ဘာလို့လဲ၊

သူ့ကို သ_တ်ရင် သူက ပြန် သ_တ် နဲ့ တကယ်ကြောက်စရာကြီးမလား၊ ဘယ်သူက ဘယ်သူ့ကိုဆိုတာ မသိလိုက်ဘဲ၊ စိတ် မလုံခြုံဘဲ သူအရင် ကိုယ်အဦး တိုက်ခိုက်ကြတာတွေ။

ဘာလို့လဲ ငြိမ်းချမ်းလို့ မရဘူးလား

အဖြေ ရှာလို့ မရဘူးလား

ကျွန်တော်တို့ဟာ အတူတူပဲလေ။


#KCM'sdiary
Nov 16
2023

Comments

Popular posts from this blog

ဤတော်လှန်ရေးအလွန်

Those things happened for you