ဤတော်လှန်ရေးအလွန်
ဤတော်လှန်ရေး.....အလွန်🛑။
အောက်ပါ အကြောင်းအရာများသည် ကျွန်ုပ်၏ကိုယ်ပိုင်ဘဝမှ လာသောအသိသညာမျှသာ။အကြောင်းအရာများ လွဲနေပါက ကျွန်ုပ်၏ အသိဗဟုသုတကြောင့်ပင်။
ဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့စကား ကြားတိုင်း ကျွန်တော်လည်း ဝမ်းနည်းရပါတယ်။သိမ်ငယ်ရပါတယ်။ အကြောင်းက ဗမာလူတစ်စုကြောင့် အခြားတိုင်းရင်းသားတွေ နာကျင်ခဲ့ရတယ်ဆိုတာကို သိနေရပြီး ကိုယ်တိုင်က ဗမာ ဖြစ်နေခဲ့ရလို့ပါပဲ။ ကျွန်တော်က ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဝမ်းနည်းလာရင် ငိုဖို့ပဲ သိပါတယ်။ ငိုခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။
ဆိုတော့ သင် ကြုံတွေ့ဖူးတဲ့လူတွေနဲ့ အခြားလူတစ်ယောက်ကို မငြိစွဲစေချင်ဘူး၊ သင်က ဆိုးတဲ့ သူနဲ့ ကြုံခဲ့ရတာဟာ သင် ကံမကောင်းသေးလို့ ဖြစ်ပါလိမ့်မယ်၊ ကောင်းမွန်တဲ့ နတ်သမီးလေးတွေဟာ တကယ် ရှိတတ်ပါတယ်။
ကျွန်တော် က ကျွန်တော့်ကလေးတွေကို လူမျိုးစုတွေအကြောင်း သင်ပေးရတိုင်း
"ဒီနိူင်ငံမှာ တိုင်းရင်းသား (၈)မျိုး_ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း ဟူ၍ ရှိပြီး လူမျိုးစုတစ်ခုစီကနေလည်း လူမျိုးစု အသီးသီး(၁၃၅)စု ထိ(မက) ရှိကြောင်း၊
ဥပမာ_ကချင်မှာ ဆို လီဆူ၊ရဝမ် ၊ ချင်းမှာ ဆို တီးတိန်၊ ဖလန်း၊ ရခိုင်မှာ ဆို ခမာ၊ မြို ၊ ကရင်မှာ ဆို စကော၊ ပိုး၊ အရှေ့ပိုး၊ ရှမ်းမှာဆို ရှမ်းကြီး၊ရှမ်းလေး၊မောဝ်ရှမ်း၊ ပအို့၊ ပလောင်၊ တအောင်း ၊
ဆရာမတို့ ဗမာ (အထက်စစ်ကိုင်း)မှာတောင် ကဒူး၊ကနန်း လူမျိုးစုများ ရှိနေကြကြောင်း။
လူမျိုးတစ်စုစီတိုင်းမှာလည်း စာပေ၊ ယဉ်ကျေးမှု၊ မူလဇစ်မြစ်၊သဘာဝ များ ရှိကြောင်း၊ ဥပမာ ဆရာမတို့ သုံးရတာက ဗမာစာ၊ဗမာစကား ဖြစ်သလို သူတို့ဆီမှာလည်း သူတို့ဘာသာစကား ရှိကြောင်း၊ တန်ဖိုးထားရမည်ဖြစ်ကြောင်း။
လူမျိုးတစ်စုတိုင်းက ကိုယ့်ဓလေ့နဲ့ကိုယ် နေထိုင်ကြပြီး ပြည်နယ်၊တိုင်း ဒေသအလိုက် လူမျိုးစုများ အတူတကွ နေထိုင်ကြကြောင်း။
ကျွန်တော့်ကလေးတွေနဲ့ပတ်သတ်ရင် ကျွန်တော့်ကိုယ် ကျွန်တော် အမြဲ စံသတ်မှတ်ထားတာ ရှိပါတယ်။
၁/ ကလေးတွေ ပျော်နေရမယ်
၂/ကလေးတွေ တန်းတူညီမျှ သင်ကြားခွင့် ရ ရမယ်
၃/ ကလေးတွေ လွတ်လပ်စွာ ဆွေးနွေး၊
သင်ကြားပါဝင်ခွင့် ရှိရမယ်။
ဆွေးနွေးရာတွင်လည်း တစ်ဦး၏အကြံအတွေးကို လက်ခံပြီးမှသာလျှင် ငြိမ်းချမ်းမျှတစွာ ဖလှယ်ပြောဆိုရမည်ဖြစ်ကြောင်း၊ သို့တည်းမဟုတ်ရင် ဒါဟာ ငြင်းခုံနေကြပြီး စကားများ၊အချင်းများ ရမည့် ကိစ္စသာ ဖြစ်ကြောင်း။
ဒါတွေဟာ လူမျိုးစုနဲ့ပတ်သတ်ပြီး သင်ကြားဖြစ်တဲ့အခါ ကလေးတွေကို ကျွန်တော် ထောက်ပြပေးတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။တကယ်ပါ ကျွန်တော်ဟာ လူမျိုးစုနဲ့ဒီနိူင်ငံအကြောင်း သိရှိပြီးကတည်းက ဒီနိူင်ငံကို လည်ပတ်ဖို့နဲ့ ဒီလူမျိုးစုတွေရဲ့ ဘာသာစကားဟာ ကျွန်တော် ပထမဆုံး သင်ယူချင်တဲ့အရာတွေ ဖြစ်ပါတယ်။ အခွင့်ရရင် ကျွန်တော်တို့ဘာသာစကားကိုပဲ မဖြစ်မနေ သင်ယူခဲ့ရတဲ့ အခြားတိုင်းရင်းသားတွေရဲ့ ဘာသာစကားကိုလည်း တဖန် ပြန်လည်သင်ယူဖို့၊ သူတို့တွေရဲ့ရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထား ထိန်းသိမ်းဖို့(ရိုးရာအင်္ကျီလေးတွေကအစ)
အရွယ်ရောက်လို့ ကျွန်တော် မင်္ဂလာဆောင်၊ထိမ်းမြားဖြစ်ရင်တောင် ဒီနိူင်ငံရဲ့လူမျိုးစုတစ်ခုစီရဲ့ရိုးရာအတိုင်း လှည့်ပတ်၊ကျင်းပဖို့။🙂
ငယ်ငယ်က ကျွန်တော့်ဗီဇအရ ရှေ့နေဖြစ်ချင်သေးတယ်၊ တရားဥပဒေ မစိုးမိုးတဲ့တိုင်းပြည်မှာ ဆိုတော့ ဒါဟာ အလကားပဲလို့ တွေးဖြစ်လိုက်သေးတယ်၊
အခြားသူရဲ့အနာအကျင်တွေကို သက်သာဖေးမချင်တဲ့စိတ်ကြောင့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်း လုပ်ရင်ကောင်းမလား၊ ပြီးရင် ခက်ခဲတဲ့နေရာတွေဆီ သွားမယ် ပေါ့ ဆိုတဲ့ ဆယ်ကျော်သက်စိတ်ကူးကလေးများလည်း ယဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီနိူင်ငံရဲ့အဓိက အနာအကျင်ဟာ လူသားတွေကို ပြုစု၊ပျိုးထောင်ပေးရတဲ့ ပညာရပ်၊ပညာရေးက ဖြစ်တယ်ဆိုတာ ဘုရား သိနေလို့ ထင်ပါတယ်။ ကျွန်တော် မရွေးချယ်ဘဲ နာကျင်စွာ သိမြင်ခွင့်ရဖို့ ဘုရားက ကျွန်တော့်ကို ရွေးချယ်သွားပါတယ်။
ကျွန်တော်က အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းရဖို့ အသက် (၁၈_၁၉)ဝန်းကျင်၂၀၁၆ ခုနှစ်က ပါတယ်။ အဲ့ဒီမတိုင်ခင်က ကျွန်တော် ရင်ခုန်၊စိုးရိမ်နေခဲ့ပါတယ်။ ကိုယ့်ဘဝကိုတောင် မလျှောက်ရသေးတဲ့သူက ကလေးတွေကို လမ်းဖော်ပေးနိူင်ပါ့မလား၊ လုပ်နိူင်ပါ့မလား။ဒါဟာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဌဖြစ်တာကြောင့် သိပ်ကို တာဝန်ကြီးလေးသလို စိုးရိမ်နေခဲ့ပါတယ်။ ဒါမှမဟုတ် စစ်ဖြစ်နေတဲ့ဒေသတွေ ဆိုရင်ရော သွားရမယ်၊ ဘဝက တစ်ခါပဲ သေရမှာ၊ ဘာနေနေ အတူတူဆိုတဲ့ စိတ်တွေရော။ဒါကြောင့် စိတ်ဖြေဖို့ ဘုရားဆီမှာ ရင်ဖွင့်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဘယ်နေရာရောက်ရောက် ကျွန်တော့်ရဲ့စိတ်ဟာ ပြောင်းလဲသွားမှာမဟုတ်ဘဲ ပိုမိုကောင်းမွန်စေမယ့် အရာကိုပဲ ရွေးချယ်ပါ့မယ်ဆိုတဲ့အကြောင်း။
အဖေကတော့ ပြောပါတယ်။
အဖေက ရွှေဘိုမြို့မှာ တာဝန်ရှိနေတဲ့ ပညာရေးညွှန်မှူးချုပ်နဲ့ အသိဖြစ်တာကြောင့် မြို့နားနီးနီး နေရာရအောင် အဖေ စာရေးပြီး တောင်းဆို လိုက်ရမလား...ပေါ့။
မလုပ်နဲ့နော်၊ ဘာမှ မလုပ်နဲ့၊ သူ့ပါသူ ဘယ်နေရာရောက်ရောက်၊ အဖေ ဘာမှမလုပ်နဲ့လို့ ပြောခဲ့လိုက်ပါတယ်။
တကယ်လို့
အဲ့ဒီခုနှစ်က ရှမ်းမြောက်၊လောက်ကိုင် နယ်မြေဆိုလည်း ကျွန်တော် သွားဖို့ အသင့်တွေးထားပါတယ်။ ၁၈နှစ် ဝန်းကျင် ကလေးမတစ်ယောက်အနေနဲ့ ကိုယ့်အိပ်မက်ကိုတောင် မဖမ်းနိူင်သေးဘဲ အနာဂတ်ကို ကြည့်ရှု့ဖို့ ဖြစ်လာခဲ့တော့ တာဝန်မယူနိူင်မှာ စိုးရိမ်နေပါတယ်၊ တကယ် အဲ့နေရာ တာဝန်ကျရင်ရော ငါ လုပ်နိူင်ပါ့မလား၊ ဒါနဲ့ပဲ ဘုရားဆီကို ရင်ဖွင့်တာ၊ ဘယ်နေရာဖြစ်ဖြစ် ဘဝဟာ တစ်ကြိမ်ပဲ သေရမှာ၊စစ်ဖြစ်နေရာ ရောက်တော့လည်း အတူတူ သေကြတာပေါ့၊ ဘယ်နေရာရောက်ရောက် ငါ့စိတ်က ပြောင်းလဲသွားမှာမှ မဟုတ်တာ၊ ဘုရား အလိုတော်အတိုင်းပဲ ဖြစ်ဖို့။
ဘာလို့ လောက်ကိုင်?
၂၀၁၃_၁၄ ဝန်းကျင်မှာ ကောလိပ်တက်နေရင်း
ဒီနိူင်ငံက ပြည်တွင်းစစ် ရှိနေဆဲဆိုတာ သိလိုက်ရပြီး
အဲ့ဒီတုန်းကလည်း လောက်ကိုင် ဟာ စစ်ဖြစ်ပွားရာ နာမည်တစ်ခု ထွက်နေပြီ ဖြစ်တာကြောင့်။
ဒီလိုနဲ့ပဲ ကျွန်တော့်တာဝန်ဟာ အများတန်းတူ မြို့နယ်အတွင်းမှာပဲ ရှိခဲ့ပါတယ်။တာဝန်ထမ်းရင်း ကလေးတွေကို ပျော်အောင် ထားရင်း ကလေးတွေအတွက် ဒေသတွင်း အပျော်ခရီးလေးတွေ ပို့ပေးဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော့်ကလေးတွေက မူလတန်းဆင့် ကလေးတွေပဲ ရှိသေးတာကြောင့် ဆရာကြီး၊ဆရာမကြီးများက တစ်ခုခုဖြစ်မှာ စိုးရိမ်ပေမယ့် ကျွန်တော့်ရည်ရွယ်ချက်ကို သိနေတာကြောင့် ကူညီ၊အားဖြည့်ပေးခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့
#သဘာဝကို ထိတွေ့၊ချစ်ခင်တတ်ဖို့
#ဒေသတွင်း ယဉ်ကျေးမှုအမွေအနှစ်က စလို့ သူ့တန်ဖိုးနဲ့သူ တန်ဖိုးထားတတ်ဖို့။
၂၀၁၆ ပညာရေးဌာနမှာ တာဝန်ထမ်းရကတည်းက volunteer လိုမျိုး
မြို့နယ်တွင်း သွားလာရခက်ခဲ ကျောင်းကလေးများဆီသို့လည်း မြို့နယ်ရှိ စီနီယာများ၊ အမတ်များနဲ့အတူ ထောက်ပို့၊လှူတန်းရေးတွေမှာလည်း ပါဝင်ဖူးခဲ့ပါတယ်။ အဲ့ဒီမှာ သိခဲ့ရတာက
#ကလေးများတန်းတူသင်ကြားခွင့်
ရွာကလေးတစ်ရွာ(အဆင်ပြေရာ နေကြရင်း အိမ်ခြေအနည်းနဲ့ ရွာအမည်ပေါက်မရှိ)
၊ မိုးတွင်းများဆို ချောင်းရေလျှံ၊လမ်းပျက်ခက်ခဲတာမို့ ပင်မ ရွာအမည်ခံဆီမှ ဆရာ၊ဆရာမများက နီးစပ်ရာ ထန်းရွက်တဲကလေးကို စာသင်ရာနေရာအဖြစ် သုံးနေတာကို တွေ့ရှိရ၍ အတူပါလာတဲ့အမတ်က မြို့နယ်ကို လှမ်းအကြောင်းကြားရင်း သိရှိရတာက အဲ့ဒီနေရာက မြေပုံမှာ နိူင်ငံပိုင်သစ်တောနေရာဖြစ်ပြီး၊ ရွာအမည်ပေါက်မရှိ၊ ထည့်ပေးလို့မရတာမို့ စာသင်ကျောင်းနဲ့ဆရာအင်အား ဖြည့်ဖို့ မဖြစ်နိူင်ကြောင်း။
အဲ့ဒီမှာ ကျွန်တော့်စိတ်တွေ ပိုမိုခိုင်မာလာတာက စစ်မဖြစ်နေတာတောင် ၊ ဒီလိုအနေအထားတွေ၊ စစ်ဖြစ်နယ်မြေများဆို ဒီလိုနေရာတွေ၊ ဒီလို လိုအပ်ချက်တွေ ဘယ်လောက်များလိုက်မလဲ....။
အဖေ့ဆီကနေ လူ့အခွင့်အရေးဆိုင်ရာ အရေးအခင်းလေးတွေ နားစွန်းနားဖျား၊ကြားရလေ့ ရှိတတ်တယ်။
အဖေက ကျေးလက်၊အခြေခံလူထုနဲ့ အစိုးရအဖွဲ့အစည်းကို ချိတ်ဆက်၊ကူညီပေးရတဲ့ သူ ဆိုတော့
မိသားစု အရေးအခင်းများ
မြေနေရာ ခွဲဝေရေး အရေးအခင်းများ
ပြစ်မှုပုဒ်မ၊တရားလို တရားခံ ရှာဖွေအရေးအခင်းများ
လူသေစေတဲ့ လူ့အရေးအခင်းများ 😔
ငယ်ငယ်တုန်းက အိမ်က မိသားစုတွေ အိမ်အပေါ်ထပ်မှာ တစ်စုထဲ အိပ်စေပြီး အခန်းတံခါးဝမှာ ပြန်လည်ခုခံဖို့ တုတ်၊ဓား ဆောင်ရတဲ့ ညတွေ ရှိဖူးခဲ့တယ်။
အကြောင်းက အလုပ်ရှင်အမျိုးသမီးကို အလုပ်သမား အမျိုးသားတစ်ဦးက ဓားထိုးသတ် မိတဲ့အမှု(ဒါကလည်း နိမ့်ကျတဲ့လူနေမှုက သူတွေကို တန်ဖိုးမထား၊မကြင်နာ၊လက်မကမ်း၊မောက်မာ၊ခွဲခြားဆက်ဆံလို့)
ကို အဖေက ဖမ်းဝရမ်းထုတ်ပေးရပြီး တရားခံအမျိုးသားကို ဖမ်းမိဖို့ ကူညီပေးရတာေကြာင့် ထိုအမျိုးသားက မကျေနပ်စွာ ထွက်ပြေးနေတုန်းမို့ မိသားစုကို ကြိုတင်ကာကွယ်တာပါတဲ့။
ဒါတောင် အဖေက နိူင်ငံရေးသမား မဟုတ်သေးဘူးမို့ ဒီနိူင်ငံရဲ့ နိူင်ငံရေးအပြောင်းအလဲကို ဘဝပေးပြီး လုပ်ဆောင်နေကြတဲ့ နိူင်ငံရေးအခင်းအကျင်းထဲက ခေါင်းဆောင်များနဲ့ မိသားစုများ ဘဝကို စာနာမိပါရဲ့။ နိူင်ငံရေး လုပ်ဖို့ဆို ပိုစွန့်လွတ်ဖို့ လိုသလို အငြိအတွယ်မရှိလေ အထိအခိုက်နည်းလေ ဖြစ်ကြောင်း သိမြင်ခဲ့ရ😓။
ထို့နောက်
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊
အဲ့ဒီတုန်းက အဖေက ရွာဦးဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ဦးသူရိယရယ်၊ ကပ္ပိယဆိုသူရယ် အလျင်စလို ဗိုလ်ချုပ်အောင်ဆန်းက စလို့၊ ဗိုလ်ချုပ်ဓာတ်ပုံတွေ ဖြုတ်သိမ်းနေခဲ့တာ။
အဖေ့ကို ဘာကြောင့်လဲ မေးတော့
ပြုတ်ကျပြီး ကျကွဲမှာ စိုး လို့ တဲ့ ။
၂၀၀၈ နာဂစ် အကြေအကွဲများ၊ ၂၀၀၈ စာအုပ်အစိမ်းကြီး ဆိုတာမျိုး၊
လက်ပံတောင်းတောင် ကိစ္စများ
မြစ်ဆုံ ကိစ္စများ။
၂၀၁၂-၁၃ တုန်းက လူမျိုးရေးပဍိပက္ခဆိုသည်များ။
(လူ အချင်းချင်း သ_တ် ကြ တာတဲ့ )။
အဲ့ဒီအကြောင်းလည်း ကျွန်တော် စိတ်ဝင်စားဖူးတာကြောင့် နီးစပ်သလောက် စာအုပ်တွေထဲကနေ ဖတ်ကြည့်ဖူးသေးတယ်၊ ရိုဟင်ဂျာ ဆိုတာ !လူမျိုးစု နာမည်မဟုတ်ဘဲ သူတို့ဘာသာစကားအရဆို ရွေ့ပြောင်းနေထိုင်နေရသူများ ! လို့ အဓိပ္ပာယ်ထွက်ကြောင်း၊ သူတို့တတွေ မြန်မာနိူင်ငံအတွင်း ရောက်ရှိနေထိုင်ဖြစ်တာကလည်းးး ဟိုးးးရှေးရှေး Eng_Japan colony Age မတိုင်ခင်ကတည်းကလိုလို၊ ဆိုတော့ ဘယ်လိုနည်းဆိုဆို ဒီနိူင်ငံက နိူင်ငံသားအဖြစ် နေထိုင်ခွင့် ဥပဒေ မရှိနေ၊ သမာသမတ် ကျ မနေတာကြောင့် လို့ပဲ ထင်မြင်မိပါတယ်။ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးနဲ့ပြန်လည်နေရာချထားရေး ကဏ္ဌကိုလည်း ပြန်လည်ပြင်ဆင်စေချင်ပါတယ်။
အဖေက ဘယ်တော့မဆို နိူင်ငံပိုင် သတင်းစာ၊ သတင်းဌာန (မြဝတီ၊မြန်မာ့အသံ) အမြဲလိုလို ထိတွေ့၊ကြည့်တယ်။မတူတာက အိမ်ဘေးက ဦးလေးတစ်ယောက် နားထောင်နေတတ်တဲ့ VOA, BBC သတင်းဌာနက သတင်းတွေက လုံးဝ မတူနေတာ၊ အခုထိလည်း မတူခဲ့ကြပါဘူး။ တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့အစည်းများ၊ (ယခု 3 brotherhood နာမည်များအပါဝင်)၊စစ်ပွဲတွေအကြောင်း ကြားရတတ်ပြီး အဖေ ကြည့်တဲ့ သတင်းဌာနတွေကတော့ ဗိုလ်ချုပ်တွေ ပြည်သူလူထုနဲ့ ဘယ်လိုကူညီဆက်သွယ်နေကြောင်း၊ နိူင်ငံတော်ကြီး ဘယ်လောက်အပေးအယူမျှ၍ ငြိမ်းချမ်းသာယာတိုးတက်၊တည်ဆောက်နေကြောင်း။
မြို့က အဖေ ယူလာတဲ့ လစဉ်သတင်းစာ၊ မဂ္ဂဇင်းတိုင်းကို ကျွန်တော် ထိတွေ့ဖြစ်ခဲ့တယ်။ပြောရရင်တော့ ဘယ်ရယ် နားမလည်ပေမယ့် စာအစုံပေါ့။
သူရိယနေဝန်း၊ ဆိုတာကြီးကတော့ ကျွန်တော် ဖတ်လို့ နားမလည်တာကြောင့် မဖတ်ဖြစ်ခဲ့ဘူး၊ မှတ်မိသလောက် အဲ့ထဲက အကြောင်းအရာတွေက ဗိုလ်ချုပ်တွေရဲ့ မျိုးဆက်တွေ၊ အချိတ်အဆက်တွေ၊ ပြီးတော့ ကလောင်ရှင်က မိုးဟိန်း ဆိုသူက အများသား။
၂၀၀၈ နာဂစ်က သတင်းစာ၊မဂ္ဂဇင်း၊TV တွေကနေ ကျွန်တော့်ကို ဝမ်းနည်းကြောက်စေခဲ့တာ မိုးရွာ၊လေတွေ တိုက်တိုင်း ကြောက်နေတတ်ပြီး ဆယ်ကျော်သက်တစ်ခုလုံး မိုးရွာလေတိုက်တိုင်း နောက်ထပ် ထပ်မဖြစ်ဖို့ Trauma ဖြစ်သလိုထိ။
၂၀၁၈_၁၉ တာဝန်ပြောင်းလိုက ပြောင်းနိူင်၊ရွေ့နိူင်တာကြောင့်
ကျွန်တော် စဉ်းစားနေတာက
ဧရာဝတီတိုင်း၊ နာဂစ် ထိဖူးတဲ့နေရာ
(ခုတော့ အဲ့နေရာက ကိုယ်တွေ့ ကလေးတစ်ယောက်နဲ့လည်း ဘုရားပေးတဲ့ဆုလာဘ်အဖြစ် ဝါသနာတူ မိတ်ဆွေဖြစ်ခွင့် ရလိုက်ပါပြီ)
ရခိုင် လူမျိုးရေးသ_တ်ဖြတ်ဖြစ်ဖူးတဲ့နေရာ
(ဘူးသီးတောင်၊မောင်တောနဲ့ အခု တဖန်ဖြစ်နေတဲ့ ရခိုင်ဒေသများ)
သွားဖို့၊
စဉ်းစားကြည့်လေ
သူတို့ ဘယ်လောက် ကြောက်နေခဲ့ကြမလဲ၊ သူတို့ ဘယ်လောက်နာကျင်ခဲ့ကြမလဲ။ ကျွန်တော်က လူ့အခွင့်အရေးကို မဖန်တီးနိူင်ရင်တောင် နာကျင်သူတွေနဲ့ အတူရှိနေဖို့ပဲ ရွေးချင်တာ။
အပေါ်ယံစိတ်အရ ကျွန်တော်ဟာ ပင်လယ်နဲ့နီးချင် လို့ လို့ အဖြေထွက်ပေမယ့်
အတွင်းယံစိတ်က ကျွန်တော် အဖြေရှာချင်မိတာ၊ ဘာလို့ စစ်ပွဲ ရှိနေတုန်းလဲ၊ ဘယ်သူတွေကြောင့်လဲ၊ တာဝန်ရှိသူတွေ ဘာလုပ်နေကြသလဲ။
၂၀၂၁_မှာ အဖြေဟာ အတိအကျ ထွက်သွားခဲ့ပါပြီ။ ဗမာ လူမျိုးကြီးဝါဒရဲ့ တရားခံတွေ။
ဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့စကား ကြားတိုင်း ကျွန်တော်တို့လည်း ဝမ်းနည်းရပါတယ်။သိမ်ငယ်ရပါတယ်။ အကြောင်းက ဗမာလူတစ်စုကြောင့် အခြားတိုင်းရင်းသားတွေ နာကျင်ခဲ့ရတယ်ဆိုတာကို သိနေရပြီး ကိုယ်တိုင်က ဗမာ ဖြစ်နေခဲ့ရလို့ပါပဲ။နောက်ကျခဲ့ပေမယ့်
တကယ့် ဗမာတိုင်းရင်းသားစစ်စစ်တိုင်းကလည်း အားလုံးသော တိုင်းရင်းသားတွေနဲ့အတူ တော်လှန်ပါဝင်နေကြပါတယ်။ ကျွန်တော် သွားချင်တဲ့နေရာက လာတဲ့ သူတွေနဲ့လည်း ဘုရားရဲ့ဆုလာဘ်တော်အရ တွေ့ခွင့် ရလိုက်ပါပြီ။ ၂၀၁၉ ကတည်းက တိုက်တိုက်ဆိုင်ဆိုင်တွေ ဖြစ်ရလို့ အံ့ဩယူရတဲ့အထိ🥰။
၂၀၂၁_ကာလတွေမှာ
ကျွန်တော်လည်း တောထဲ ကလေးတွေရှိရာ သွားရတော့မလား၊ သွားလိုက်ရတော့မလား နဲ့ အကြိမ်ကြိမ် စဉ်းစားတွန်းကန် ခဲ့ပေမယ့်
ကျွန်တော် ပြန်လည်ပါဝင်ချင်တဲ့၊တည်ဆောက်ပျိုးချင်တဲ့ နည်းက ဒီလိုမဟုတ်ဘူး၊အနုညံ့ဆုံး အနုနည်းနဲ့ ဒီနိူင်ငံကို လှည့်ပတ်၊တာဝန်ထမ်းချင်ခဲ့တာ။
ဒါနဲ့ပဲ နဂိုမူလက ကျွန်တော် ရွေးထားတဲ့လမ်းကို ရောက်ဖို့ပဲ ကွေ့ပတ်ကျော်ဖြတ်နေရဆဲ။
အရင်က ကျွန်တော့်ကလေးဘဝ
စိတ်ကူးက အခွင့်ရရင်
တိုင်းရင်းသား ဘာသာစကား သင်ဖို့။
လေ့လာကြည့်သလောက်
ဗမာ_ရခိုင်က သမိုင်းအရရော၊ ဘာသာစကား ဆင်းသက်မှုကရော ဆင်တူနေတာမို့ ရခိုင်စာ၊ ပြီးရင် ချင်း၊ တဖန် ချင်းနဲ့ကချင်ကလည်း English စာနဲ့ ထိစပ်နေလို့ သူတို့စာ၊ ပြီးရင် ကရင်၊မွန်၊ရှမ်း။
တဖြည်းဖြည်း ထိကြည့်ဖို့။ကလေးဘဝ ပုဂ္ဂလိက ခံစားမှုဖြင့်
၂၀၁၉ ဆုံးဖြတ်ချက်အရ ၂၀၂၄_၂၅ ဟာ လခြမ်းမြီကို ရောက်ဖို့ရည်ရွယ်ရင်း လေ့လာဖတ်မိတာ
ရခိုင်စာကိုတော့ ရင်းနှီးသလို ဖြစ်နေပါပြီ။
ဤတော်လှန်ရေး အလွန်မှာတော့
ဒီနိူင်ငံဟာ သီးခြားနိူင်ငံတွေ ဖြစ်ကောင်း ဖြစ်လာနိူင်ပါလိမ့်မယ်၊ ပိုပြီးလည်း လှပလာဖို့ မျှော်လင့်ပါတယ်။ဘယ်လိုပင်ဆိုဆို
Visa နဲ့မှ လည်ပတ်ခွင့်ရတော့မယ်ဆိုလည်း
ကလေးဘဝကတည်းက ဒီမြေပုံအကျယ်အဝန်းထဲက သဘာဝတွေဆီ၊ လူမျိုးစုတွေဆီ တန်ဖိုးထား၊လည်ပတ်ချင်ပါသေးတယ်။
သို့ပေမယ့်
ထိုမတိုင်မီ ကြုံရနိူင်ခြေက
နယ်မြေပြန်လည်စိုးမိုးရေးနဲ့
လူမျိုးစု မျှတရေး
ပြန်လည်တည်ထောင်ရေး
ဒီကဏ္ဌတွေ သွားကြတဲ့အခါ
သူ့နယ်မြေ၊ သူ့လူမျိုး ဆိုတာကြီးတွေနဲ့ ခေါင်းစဉ်ခွဲပြီး
တစ်ယောက်ကိုတစ်ယောက် ပြန်လည်မနာကျင်စေချင်တာပါပဲ။💌💯
မျှတဖို့ ရှာဖွေကြရင်း အနာအကျင်သမိုင်းစာအုပ်တွေ ကျောင်းစာသင်ခန်းထဲ မပိတ်မိစေဖို့ မျှော်လင့်ပါတယ်။💌💯
ကျွန်တော့်ဘဝလေးကတော့
ဘယ်နေရာရောက်ရောက် ကျွန်တော်စွမ်းနိူင်သမျှကို ကျွန်တော် ချန်ထားနိူင်ခဲ့ချင်ပါတယ်။တကယ်လို့များ ကျွန်တော်က အများကြီးစွမ်းနိူင်မယ့်နေရာ ရှိခဲ့ရင်လည်း ကျွန်တော့်ကို ချစ်ခင်၊အားပေး၊ဂရုစိုက်ပေးပါအုံးနော်။မမျှော်လင့်ရဲပေမယ့် ဥပမာ သမ္မတကြီးများ ဖြစ်နေအုံးမလားပေါ့ 🌝
တစ်ခါတုန်းက စာသင်ခန်းထဲမှာတော့ ကျွန်တော်က ကလေး တွေ ချစ်တဲ့ နတ်သမီး ဖြစ်ခဲ့ပါတယ်။🤗
ကျွန်တော့်ကလေးတွေက "ဆရာမ ဘယ်နေ့၊ဘာနေ့သမီးလဲ မေးတိုင်း နတ်သမီး လို့ပဲ" ဖြေဖြစ်ခဲ့တာ
ဒါဆို ဘာလို့ လူတွေနဲ့ လာ နေ နေတာလဲ လို့
ကလေးတစ်ယောက်က မေးတော့
"ကောင်းတာတွေ လုပ်ဖို့ပေါ့၊ လူ့ဘဝမှာသာလျှင် သင်ယူနိူင်စွမ်း၊ခံစားနိူင်စွမ်းနဲ့ ပိုကောင်းမယ့်အရာတွေကို ရွေးချယ်၊လုပ်ဆောင်နိူင်ကြတာလေ"။
ဒါတွေကို ဘာကြောင့် ရေးလဲ ဆိုတော့
နောက်ဆုံးအချိန်ထိ
ကျွန်တော် ဆိုတာ မရှိတော့ရင်လည်း
တစ်ယောက်ယောက် ကျွန်တော့်ဆန္ဒလေးများကို ထောာက်ခံ၊အားဖြည့် ရှေ့ဆက်ပေးစေလိုပါတယ်။
Nov 28
2023
Comments
Post a Comment