Regrets
Do you have.... regrets or just a little one?
ဒီမေးခွန်းလေးကို ဖြေပေးနိူင်မလား
ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မေးကြည့်ဖူးလား
အလယ်တန်းတုန်းက မြန်မာစာခက်ဆစ်ထဲမှာတော့
နောင်တ ဆိုတဲ့စကားလုံးအဓိပ္ပါယ်ကို ကျက်မှတ်ခဲ့ဘူး။သေချာတော့ မမှတ်မိတော့ပေမယ့်
သူ့ဆိုလိုရင်းက ရိုးရှင်းပါတယ်
လုပ်ရမယ်ဆိုတာ သိပါလျက်
လုပ်ချင်ပါလျက် မလုပ်ဖြစ်ခဲ့တာမျိုးပါပဲ။
အဲ့ဒီအချိန်တုန်းကတော့
ငါတော့ နောင်တ မရအောင် နေမယ်လို့ တွေးထားခဲ့တာပဲ၊ဒါပေမယ့်လည်း ဒါဟာ ဘဝအကြောင်းထဲ ခြေမဆန့်တတ်သေးတဲ့ တစ်ဆယ်စွန်းစွန်း အရွယ်ပဲမလား။
ဖြစ်ချင်တာပဲ သိတယ်
ဘယ်လိုလုပ်ရမယ် ကောင်းကောင်း မသိသလို
ဖြစ်လာတဲ့အရာပေါ်မှာလည်း အတိအကျ မစဉ်းစားတတ်သေးတဲ့အရွယ်ပဲ မလား
ခုကျတော့ ဘာကြောင့်မှန်းမသိ အဲ့ဒီအရွယ်ကို လွမ်းတယ်။
ဘဝရဲ့အစ နေ့တွေကို လွမ်းတယ်
နောက်တစ်ချိန် ပြန်စလို့ ရမလား ဆိုတဲ့ အတွေးနဲ့ လွမ်းတယ်
အဲ့ဒီတုန်းက ဘဝအတွက် အဆင်သင့်မဖြစ်သေးတာမို့ အခုက အဆင်သင့်ဖြစ်နေပြီမို့
စတဲ့ ဒီလိုမျိုး နောင်တ နည်းနည်းပါတဲ့ အတွေးတွေပေါ့။
အဲ့ဒီနေ့က ထီး ယူသွားဖြစ်ခဲ့ရင်
အဲ့ဒီနေ့က မငြင်းပယ်ဖြစ်ခဲ့ရင်
အဲ့ဒီနေ့က ကျောင်း နောက်မကျခဲ့ရင်
အဲ့ဒီနေ့က သူတို့ပြောတာ နားထောင်ဖြစ်ခဲ့ရင်
အဲ့ဒီနေ့က ဘာကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ဆန္ဒအတိုင်း လုပ်ဖြစ်ခဲ့ရင်
အဲ့ဒီနေ့က သူ့ကို စကားပြောဖြစ်ခဲ့ရင်
အဲ့ဒီနေ့က အဲ့ဒီလို လုပ်ဖြစ်ခဲ့ရင်.........
လူတွေက အဆင်မပြေတာ ဖြစ်မှ အခြားဖက်အခြမ်းကို ပိုပြီး တမ်းတမ်းတတဖြစ်တတ်ကြသလိုပဲနော်
တစ်ခါတလေတော့ ကျွန်တော်လည်း ကျွန်တော် မရွေးချယ်ဖြစ်တဲ့ အခြားဖက်ကို တမ်းတမိတယ်
တစ်နည်းအားဖြင့် နောင်တ နည်းနည်းရတယ်
ဒါပေမယ့်လည်း
ကျွန်တော်တို့က ကျွန်တော်တို့မလိုချင်တဲ့အပိုင်းကို ဖယ်ထုတ်ပစ်လို့လည်း မဖြစ်၊ ခုမှ ရပ်တန့်ပစ်လို့လဲ မဖြစ်တော့ဘူးမလား။
ဒါဆို ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မယ်
ဘဝကို ဘယ်လို ရှေ့ဆက်ချင်ပါသလဲ💌
ဟုတ်တယ် ဒီမေးခွန်းက အဖြစ်သင့်ဆုံးပဲ
၁။ နောင်တ ဖြစ်စေတဲ့ အခြားဖက်ကို တစ်ကြိမ် ပြန်ရွေးချင်သေးလား
ဒါမှမဟုတ်
၂။ အဲ့ဒါကို နောင်တအဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်လား
ကျွန်တော်ကတော့ နံပါတ် ၂ကိုပဲ ရွေးလိုက်ပါတယ်
အချိန်တွေက ဘယ်တော့မှ အတိတ်ကို နောက်ပြန်မလည်လို့လေ
ကျွန်တော်တို့က အရှေ့(အနာဂတ်)ကိုပဲ သွားနေရတာမလား
ကျွန်တော်တို့ရဲ့ အသက်(ကိန်းဂဏန်း)တွေကရော ဘယ်မှာ လျော့သွားဖူးလို့လဲ
သင်္ချာသဘောတရားအရ ညာဘက်ကိုပဲ တိုးပြီး အသက်တွေကို ထည့်တွက်နေရတာပဲမလား။
ဒါကြောင့်မို့လို့ ခင်ဗျားကို ဘယ်အရာက နာကျင်စေခဲ့လဲ မသိပေမယ့်
ခင်ဗျား ပြန်ပြင်ချင်မိတဲ့ နောင်တ က ဘာလဲ မမေးတော့ပေမယ့်
ကျွန်တော်တို့ ရှေ့ကိုပဲ ဆက်သွားကြရအောင်
ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့လမ်းဟာ အမှန်ဆုံးပဲဆိုတာ သက်သေပြကြရအောင်
ကျွန်တော်တို့ ပျော်ရွှင်စွာ နေကြရအောင်။
လမ်းတိုင်းက မတူညီကြသလို
သူက ပေးတဲ့ အတွေ့အကြုံတွေကပဲ
ဘဝကို ကောင်းကောင်း သင်ယူတတ်ခဲ့ကြတာပါ
တကယ်တော့ အဆင်မပြေမှုတွေဟာ
ဘယ်ဟာက သင့်ဘဝကို ပိုအဆင်ပြေစေလဲ သိစေအောင်ပါ💌
အဲ့ဒီနေ့က ထီး မယူသွားဖြစ်ခဲ့လို့
အခုဆို မိုးရေထဲ လမ်းလျှောက်ရတဲ့ခံစားမှုလေး ရခဲ့တယ်မလား
အဲ့ဒီနေ့က ငြင်းပယ်ဖြစ်ခဲ့လို့
အခုဆို အခွင့်အရေးကို ဘယ်လိုလက်ခံရယူရမယ်ဆိုတာ သိခဲ့ပြီမလား
အဲ့ဒီနေ့က ကျောင်း နောက်ကျခဲ့လို့
အခုဆို ဘယ်နေရာဖြစ်ဖြစ် နောက်မကျအောင် ပြင်ဆင်တတ်ခဲ့ပြီမလား
အဲ့ဒီနေ့က သူတို့ပြောတာ နားမထောင်ဖြစ်ခဲ့လို့
အခုဆို ကိုယ်တိုင် ဆုံးဖြတ်ချက် ချတတ်နေပြီမလား
အဲ့ဒီနေ့က ဘာကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ဆန္ဒအတိုင်း မလုပ်ဖြစ်ခဲ့လို့
အခုဆို ကိုယ် လိုချင်ရာကိုပဲ ရွေးချယ်ပြီး နေထိုင်တတ်ခဲ့ပြီမလား
အဲ့ဒီနေ့က သူ့ကို စကားမပြောဖြစ်ခဲ့လို့
အခုဆို ဘယ်သူနဲ့ဖြစ်ဖြစ် ကိုယ် ပြောပြချင်တဲ့ စကားဆို စိုးထိတ်မှုမရှိ ပြောတတ်နေပြီမလား
အဲ့ဒီနေ့က အဲ့ဒီလို မလုပ်ဖြစ်ခဲ့လို့.....
အခုလို အတွေ့အကြုံအသစ်တွေ ရခဲ့တာမလား။ဒါကြောင့်
Change your regrets as experiences 💌..
ဒီလိုပါပဲ
ကျွန်တော်တို့ရဲ့ဘဝဆိုတာကိုက
သင်ယူခြင်းပဲလေ💌။
#KCM'sdiary
2021
#ညီမလေးသို့၂၁
Comments
Post a Comment